Posted by : Unknown Sunday, September 1, 2013

 
      ကိုရီးယား အစိုးရ၏ ပံ့ပိုးမှုဖြင့် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တွင် အမေရိကန် ဒေါ်လာတစ်သိန်း တန်ဖိုးရှိ အွန်လိုင်း စာကြည့်တိုက်ကို သြဂုတ်လ ၃၀ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း ယင်းစာကြည့်တိုက် ဖြစ်မြောက်ရေး ကူညီသည့် Samsung Electronics Company နှင့် KOICA (Korea International Cooperation Agency) ထံမှ သိရသည်။
ယင်းစာကြည့်တိုက်တွင်
   ကွန်ပျူတာ ၂၅ လုံး၊ အင်တာနက်၊ Mobile Printer၊ Tablet PC ခုနစ်လုံးနှင့် Project Screen တို့ အပါအဝင် စာကြည့်တိုက် အသုံးအဆောင် အားလုံးကို Samsung Electronics Company က လှူဒါန်းကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။
အွန်လိုင်း စာကြည့်တိုက်ကြောင့် သီအိုရီပိုင်းအတွက် သာမက လက်တွေ့ပိုင်းပါ ပိုမို အသုံးဝင်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ စာကြည့်တိုက်ကို စာသင်နှစ် သင်တန်းများနှင့် ဘာသာရပ်အလိုက် အသုံးပြု သွားရန် စီစဉ်ထားကြောင်း ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခ ဒေါ်နွယ်နီက The Voice သို့ ပြောဆိုသည်။
“အွန်လိုင်းစာကြည့်တိုက် (Digital-Library) ရှိတော့ စာအုပ် ရှာရတာ အချိန်ကုန် သက်သာတယ်။ စာအုပ်တွေ ပျက်စီးမှာလည်း မပူရတော့ဘူးပေါ့”ဟု ယင်းတက္ကသိုလ်မှ နည်းပြဆရာမ ဒေါ်ခင်မီမီသိန်း က ဖြည့်စွက် ပြောဆိုသည်။
တောင်ကိုရီးယား အစိုးရ၏ ယခုပံ့ပိုးမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်ကို ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တွင် ပြုလုပ်ခဲ့ကာ ဒေါ်လာ ငါးသောင်းနီးပါး ကုန်ကျခဲ့ကြောင်း KOICA မှ စီမံကိန်း တာဝန်ခံ ဦးမျိုးမြတ်ထွန်းက The Voice သို့ ပြောကြားသည်။
ကိုရီးယားနိုင်ငံ ကိုယ်စားပြု KOICA (Korea International Cooperation Agency) သည် ၁၉၉၇ ခုနှစ်တွင် နှစ်နိုင်ငံ သဘောတူညီမှု ရေးထိုးထားပြီး ၁၉၉၈ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ စာသင်ကျောင်းနှင့် အဖွဲ့အစည်းများသို့ လုပ်အားပေး ၃၀ ကျော် စေလွှတ်ခဲ့ကြောင်း၊ ၎င်းလုပ်အားပေး တစ်ဦးလျှင် ဒေါ်လာ သုံးသောင်းမှ ငါးသောင်းထိ ကုန်ကျခံခဲ့ကာ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် လုပ်အားပေး ၂၀ ဦးခန့် ကျန်ရှိသေးကြောင်း KOICA ထံမှ စုံစမ်း သိရှိရသည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -