Friday, January 17, 2014

ယခုလအကုန်လောက်တွင် GSM ဖုန်းလိုင်းများထပ်မံတိုးချဲ့မှုလုပ်ငန်းများပြီးစီးတော့မည်


နယ်ဒေသအချို့ အပါအဝင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖုန်းခေါ်ဆိုရ ခက်ခဲခြင်းကိုဖြေရှင်းရန် မိုဘိုင်းလ် ဖုန်းလိုင်းများ ထပ်မံတိုးချဲ့ပြီး ရေဒီယို စက်ပစ္စည်းသစ်များ လဲလှယ် လိုက်ပြီးနောက် ယခုလကုန်တွင် GSM မိုဘိုင်းလ် ဖုန်းလိုင်းများ ပြန်ကောင်း လာတော့ မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စက်ချိန်ညှိခြင်း၊ တိုင်းတာ စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ယခုလကုန် လုပ်ငန်းများ ပြီးစီးပါက GSM ဖုန်းလိုင်းများ ကောင်းလာတော့မည်ဟု ၎င်းကဆိုသည်။
“လကုန်ပိုင်းလောက်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်။ လိုင်းမကောင်းတာတွေ၊ လိုင်းကျပ်တာတွေ အရင်ကထက် ပိုအဆင်ပြေသွားမယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဝန်ဆောင်မှု ညံ့ဖျင်းသည်ဟု အမြဲတစေ ဝေဖန် ခံနေရသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဆက်သွယ်ရေး ကွန်ရက် အထောက်အကူပြု ပစ္စည်းများကို တရုတ်ကုမ္ပဏီများ ဖြစ်သော Huawei နှင့် ZTE တို့ထံမှ သုံးစွဲလျက်ရှိရာ အချို့ဒေသများတွင် ကုမ္ပဏီ နှစ်ခုစလုံးမှ ပစ္စည်းများ သုံးထားခြင်းကြောင့် ဆက်သွယ်မှု ခက်ခဲခြင်း၊ အသံအရည်အသွေး မကောင်းခြင်းများဖြစ် နေရာဒေသ တစ်ခုတွင် ကုမ္ပဏီ တစ်ခုတည်းမှ ပစ္စည်းများသာ သုံးစွဲရန် စက်ပစ္စည်းအသစ်များ လဲလှယ် တပ်ဆင်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရှိရသည်။

“ဒေသတစ်ခုစီမှာ Vendor နှစ်ခုကို တစ်ခုတည်း ပြောင်းလိုက်တာ တကယ်ကောင်းတယ်။ Vendor တွေက တစ်ခုနဲ့တစ်ခု စက်ပစ္စည်းရော၊ နည်းပညာရော မတူညီတော့ ဖုန်းပြောတဲ့အခါမှာ အသံအရည်အသွေးက မကောင်းတော့ဘူးလေ။ အခု ခေါ်ဆိုရ တော်တော် ကောင်းလာမယ် ထင်တယ်” ဟု ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုတွင် တာဝန် ထမ်းဆောင်နေသော အင်ဂျင် နီယာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က ဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်း အရေအတွက် လေးသန်း ထပ်မံရောင်းချ ထားပေးသွားရန် စီစဉ်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုင်းတိုးချဲ့ရန် စက်ပစ္စည်း သစ်များကို ယခုနှစ် ဇွန်၊ ဇူလိုင် လတို့တွင် အပြီးသတ် တပ်ဆင်သွားရန် မျှော်မှန်းထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
From: The Voice 

No comments:

Post a Comment

Note: Only a member of this blog may post a comment.