Friday, May 30, 2014
ကယ်ဆယ်ရေးလုပ်နေသော ဟာသ သရုပ်ဆောင် Mr.Bean
သူရဲကောင်း ဖြစ်သွားသည့် Mr Bean အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီးသည် ယာဉ်မတော် တဆမှု တစ်ခု ၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့
Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦးမျှသာ ဖြစ်သော် လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့ သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီး သည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။
အင်္ဂါနေ့က အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် တန်စ်ကာနီတွင် ၎င်းပိုင် McLaren F1 ပြိုင်ကားကို မောင်းနှင်နေရင်း အရှိန်များလွန်းသဖြင့် လမ်းချော်ထွက်ပြီး လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခဲ့သည်။ ထိုအချိန်တွင် ရိုဝမ်သည်လည်း အနီးအနား၌ ရှိနေရာ မီးလောင်မှု အန္တရာယ် ဖြစ်နိုင်သည်ကိုပင် ထည့်မတွက်ဘဲ ချက်ချင်း အလျင်အမြန် သွားရောက်ပြီး ယာဉ်မောင်းသူအား ဆွဲထုတ် ကယ်တင်ခဲ့ကြောင်း သိရသည်။
ရိုဝမ်သည် (၂၀၁၁)ခုနှစ်ကလည်း ၎င်းပိုင်ဆိုင်သည့် McLaren F1နှင့် အလားတူ ဆိုးဆိုးရွားရွား ယာဉ်တိုက်မှုမျိုး ကြုံခဲ့ဖူးသည်။ ထိုစဉ်က ရိုဝမ်၏ မော်တော်ကားသည် နော်သမ်ရှိုင်းယားရှိ လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်မှု ကုန်ကျစရိတ်ချည်းသက်သက် ပေါင်စတာလင် (၉၁၀၀၀၀)မျှ အသုံးပြုခဲ့ရသည်။ ယင်းသည် ဗြိတိန်သမိုင်းတစ်လျှောက် ကားတစ်စင်းကို ပြန်လည်ပြင်ဆင်ရာတွင် အမြင့်ဆုံး အကုန်အကျ ပမာဏလည်း ဖြစ်လာသည်။ ယခုအခင်းဖြစ်ချိန်တွင်လည်း ရိုဝမ်သည် အဆိုပါ McLaren F1ကိုပင် မောင်းနှင်လာခြင်းဖြစ်သည်။
ရိုဝမ်သည် အီတလီနိုင်ငံသို့ ရောက်ရှိနေရာ နိုင်ငံအလယ်ပိုင်း ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံခဲ့ခြင်း ဖြစ်သည်။ ရိုဝမ်နှင့် လူအချို့သည် ကားမောင်းသူကို ကယ်ထုတ်ပြီး ဆေးရုံမှ ရဟတ်ယာဉ် လာရောက်ခေါ်ဆောင်သည်အထိ ကူညီပေးခဲ့ကြသလို မော်တော်ကား အပျက်အစီး အစိတ်အပိုင်းများကို ရှင်းလင်းနေချိန်တွင်လည်း ရိုဝမ်က တာဝန်ရှိသူများအား ကူညီနေခဲ့ကြောင်း တွေ့ရသည်။ ရိုဝမ်သည် ခန့်မှန်းခြေအားဖြင့် စတာလင်ပေါင် (၇၁)သန်းမျှ ပိုင်ဆိုင်ကြွယ်ဝသည့် သန်းကြွယ်သူဌေး တစ်ဦးလည်း ဖြစ်သည်။
Planet Myanmar Network.




No comments:
Post a Comment
Note: Only a member of this blog may post a comment.