Posted by : Unknown Friday, January 10, 2014

အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်းအဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်းဖြစ်မှာပါ” ဟု ၄င်းက ဆိုသည်။

 နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။ “မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှမထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပကုမ္ပဏီစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။ 

 ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေးလိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် လိုင်စင်ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ်ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆို တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခုလျှင် ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -